GuidePedia

ဦးဘဂျမ်း
ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။
ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊
ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊
ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသော ကိစ္စနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။

နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်။
တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကို
မြင်ရသောအခါ ကျွန်တော်၏စိတ်၌ အရေးတကြီးကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ်မည် ၊
ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ၀န်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်
သေနတ်တွေ အပြင်မှာမထားခဲ့ဖူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက်မလုပ်ရန် ဆုံးမထားပါဟု
ပြောဦးမည် စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေးစာပွဲကြီး၏ ဂ ငယ်ပုံအ၀မှဝင်၍ အလယ်၌ခြေစုံရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်။ ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက် နောက်ဆွယ်တွင်ရှိသေူ ရုံးစာပွဲသို့သွားရာမရောက်မီ စာပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေသည်။

ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့သည် ပြတင်းပေါက်မှကျော်၍
အစည်းအဝေးခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်။
ကျွန်တော်သည် ပစ်သည်ကိုမြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင်ကပ်လျက်ထိုင်နေသူ ဦးအောင်ဇံဝေ၏လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ် ယောက် တပြိုင်တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ဖြစ်သွားကြပါသည်။

အစည်းအဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန့်လှေကားငယ် တစ်ခု(အာဇာနည်များအား လုပ်ကြံသူများမှ ထိုလှေကားမှ တက်ခဲ့သည်ဟု သိရသည်။)

လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စာပွဲရှိ လူများအား ပစ်ပြီး၍အားရမှ
ကျွန်တော်တို့ထိုင်ရာဖက်သို့ ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့
ပြေးချိန်ရခဲ့သည်။ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌လဲလျက်ရှိနေသဖြင့် ကျပြီထင်၍
များများအပစ်မခံရ။ ထိုင်လျက်ရှိနေသူများကိုသာ အာရုံပြု၍ ပစ်ခတ်ကြသည်။ ထိုင်သူများအား
အတော်အားရလောက်အောင် ပစ်ခတ်ပြီးသည့်နောက် စာပွဲဝိုင်းအလယ်၌၀င်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်။ ထိုသို့ ပစ်ချိန်တွင် ကျွန်တော်၏ လက်ယာဖက်
လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်။ အုတ်နံရံမှ ပြန်၍၀င်လာသော ကျည်ဆံဖြစ်သည်ဟု ယူဆခဲ့ပါသည်။
အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ ဦးအောင်ဇံဝေသည်
အိပ်နေရာမှ ထထိုင်ပြီး " သေကုန်ကြပြီ ၊ သေကုန်ကြပြီ "  ဟု ထိမှန်ကြသူများအား လက်ညှိုးညွှန်၍ ၀မ်းနည်းပက်လက်ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟု ပြောပြီး ဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်။
************************************************************************

ဦးအောင်ဇံဝေ
၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျွန်ုပ်ကိုယ်တိုင် တခဏတာမျှ ခံစားလိုက်ရသောအတွေ့အကြုံနှင့် အနိဌာရုံမြင်ကွင်းမှာ ကျွန်ုပ်၏ တသက်တာတွင် မည်သည့်နည်းနှင့်မျှ မေ့၍ မရနိုင်တော့ပေ။
 
သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူကျွန်ုပ်နှင့် ၀န်ကြီးဦးဘဂျမ်းတို့သည် ၀မ်းလျားမှောက်နေရာမှ ထပြီး စာပွဲပတ်ဝန်းကျင်ကို ကြည့်မိကြသည်။ ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄၀ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍ နေပေသည်။
ဗိုလ်အောင်ကျော်လမ်း ( ထိုစဉ်က စပတ်လမ်း ) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စာပွဲထိပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်။

အာဇာနည်တို့လုပ်ကြံခံရပြီးနောက် မြင်ရသည့် ၀န်ကြီးရုံး အစည်းအဝေးခန်းမနှင့် ယခုထိုအခန်းကို ဘုရားခန်း အဖြစ် ပြင်ဆင်ထားသည်ကိုတွေ့ရစဉ်။

စာပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စာပွဲပေါ်သို့ ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။ စာပွဲလက်ဝဲဖက်တွင် ထိုင်နေကြသောဝန်ကြီး သခင်မြသည် စာပွဲထိပ် လက်ဝဲဖက်ထောင့် စာပွဲအောက်နား၌ မှောက်လျက်လဲနေရာသေဆုံးနေပြီဟု ယူဆရသည်။ ၀န်ကြီး မစ္စတာ ရာဇတ် ၊ ၀န်ကြီး ဒီးဒုတ်ဦးဘချို ၊ ၀န်ကြီး ဦးဘ၀င်းနှင့်ဝန်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင်ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေကြသည်။

မစ္စတာ ရာဇတ်နှင့် ဒီဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်းငယ်စီ အသက်ရှုရှိုက်
လှုပ်ရှားနေသည်။ စာပွဲ၏ လက်ယာဖက် ကျွန်ုပ်နှင့် မိုင်းပွန်စော်ဘွားကြီး အကြားတွင်ထိုင်နေသော
ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့် စာပွဲထိပ် ဗိုလ်ချုပ်အောင်ဆန်း လက်ယာဖက်တွင်ထိုင်နေသော
အတွင်းဝန်ဦးရွှေဘော်တို့ နှစ်ဦးစလုံးမှာ အပြင်ဖက်သို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ကြသဖြင့်
အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သော
တတိယအတွင်းဝန် ဦးအုန်းမောင်မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ။
 
နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စုနှင့် ဦးစော စာအုပ်မှ

မစ္စတာ ရာဇတ်နှင့် ဒီဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်းငယ်စီ အသက်ရှုရှိုက်
လှုပ်ရှားနေသည်။ စာပွဲ၏ လက်ယာဖက် ကျွန်ုပ်နှင့် မိုင်းပွန်စော်ဘွားကြီး အကြားတွင်ထိုင်နေသော
ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့် စာပွဲထိပ် ဗိုလ်ချုပ်အောင်ဆန်း လက်ယာဖက်တွင်ထိုင်နေသော
အတွင်းဝန်ဦးရွှေဘော်တို့ နှစ်ဦးစလုံးမှာ အပြင်ဖက်သို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ကြသဖြင့်
အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သော
တတိယအတွင်းဝန် ဦးအုန်းမောင်မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ။
 
နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စုနှင့် ဦးစော စာအုပ်မှ

By Shwe Myitmakha Media Group ]  ချယ်ရီမြ
ဗိုလ်ချုပ်အောင်ဆန်းကို စသိတော့ ကျွန်မ(၆)နှစ်သမီးအရွယ် ကျောင်းနေစပါ။(၁၉၄၀ လောက်က ကလေးတွေကျောင်းထား   နောက်ကျကြပါတယ်)၊ စာမဖတ်တတ်သေးပါဘူး၊ဒါပေမယ့် စာတစ်လုံးမှ မတတ်တဲ့အဘွားက ဗိုလ်ချုပ်အကြောင်းကိုစီကာပတ်ကုံးနဲ့ ပုံပြောသလို ခဏခဏပြောပြခဲ့တာပါ၊ အဘိုးက သတင်းစာဖတ်ရင်းဗိုလ်ချုပ်ပုံတွေပါလာရင် ခေါ်ပြလေ့ရှိပါတယ်။

အဲဒီအခါများဆို အဘွားကဝမ်းသာအားရနဲ့“ဟဲ့မြေးလေး ဒီမှာလာကြည့်စမ်း၊ဒါဗိုလ်ချုပ်အောင်ဆန်းပုံတွေ့လား၊ အရွယ်သိပ်မကြီးသေးဘူး၊ ညည်းအဖေလောက်ပဲရှိဦးမှာ၊ သိပ်ချောသိပ်ခန့်တာပဲနော်”လို့ ပြောလေ့ရှိပါတယ် ။
အဘိုးက ဗိုလ်ချုပ်နယ်လှည့်ဟောတဲ့တရားတွေ၊ မိန့်ခွန်းတွေကိုဖတ်ပြရင်လည်းအနားကမခွါတမ်း နားစိုက်ထောင်ပြီးဟုတ်လိုက်လေ ဗိုလ်ချုပ်ရယ်၊လွတ်လပ်ရေးကိုရအောင်တောင်းရမှာပေါ့၊ မှန်လိုက်လေရှင်တပြည်လုံးညီညွတ်ရမှာပေါ့၊ ဒါမှဒီနယ်ချဲ့တွေလက် ကလွတ်မှာအပြောပိုင်လိုက်တာ အမယ်လေးဗိုလ်ချုပ်ရယ် ငါ့သားလေးသာဖြစ်လိုက်ပါတော့နဲ့ ဝမ်းသာအားရထောက် ခံနေပါတော့တယ်၊ မြေးမလေးကျွန်မအဖို့လည်းစစ်ဝတ်စုံနဲ့ဗိုလ်ချုပ်ပုံကို ခဏခဏကြည့်ရပြီး မှတ်မိနေပါတော့တယ်။

အဲဒီတုန်းက ကျွန်မတို့အဘိုးအဘွားတွေသာမက အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေစပ်မိလို့စကားပြောကြရင် ဗိုလ်ချုပ်ကို ကြည်ညိုတယ်တိုင်းပြည်လွတ်လပ်ရေးရအောင် သူပဲလုပ်ပေးလိမ့်မယ်လို့ယုံကြည်ပြီးချစ်ခင်ကြည်ညိုနေကြတာပါ ။
ကျွန်မဖေဖေက ရဲအရာရှိအငယ်စားလေးပါ၊ တောဂတ်(ရဲစခန်း)တွေမှာလှည့်လည်တာဝန်ကျလေ့ရှိလို့အစ်ကိုနဲ့ကျွန်မက မြို့မှာနေခဲ့ပြီး
ကျောင်းနေရပါတယ်၊ မေမေကဖေဖေနဲ့လိုက်သွားပြီး တစ်လတစ်ခါလောက်မြို့တက်လာလေ့ရှိပါတယ်၊ မြို့ရောက်ရင်ဖေဖေက
မျက်နှာဖြူခရိုင်ရဲဝန်ကြီးဆီဝင်တွေ့ပြီး အလုပ်ကိစ္စတွေတင်ပြရလေ့ရှိပါတယ်၊အဲဒီအခါမျိုးဆို ဖေဖေဟာ မျက်နှာကြီးနီ အံကြိတ် လက်သီးဆုပ်ပြီးပြန်လာတတ်ပါတယ်။
ဒီကောင်တွေသိပ်လူပါးဝတယ်၊ အင်မတန်ဘုရားထူးခံချင်တယ်လူတွေကိုကျွန်တွေလိုပဲဆက်ဆံတယ်ကျွန်တော်ကဘုရားမထူးချင်လို့
အင်္ဂလိပ်လိုပြောတာကို ခေါင်းခါပြီး ဗမာလိုပြောပါလူကလေး၊သခင်အားလုံးနားလည်တယ်တဲ့၊ ပြီးတော့ မောင်မင်း မောင်မင်းနဲ့
ဘုရားထူးအောင်ကို ခေါ်နေတာပဲလို့ ပြောပါတယ် ။
ဒီတော့အဘိုးက“အေး ဒါကြောင့် ဗိုလ်ချုပ်ကလွတ်လပ်ရေးပေးပါလို့တောင်းတောင်းနေတာပေါ့၊ ရမှာပါကွာ၊ ငါတော့ဗိုလ်ချုပ်ကိုယုံတယ်၊တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ လွတ်လပ်ရေးယူပေးမှာ”လို့ အားပေးပါတယ်၊ တစ်ခါဗိုလ်ချုပ်ဘိလပ်သွားတယ်လို့ သတင်းကြားတော့ အဘွားကလည်း “ဟဲ့ ဗိုလ်ချုပ်က အင်္ဂလိပ်စကားကောင်းကောင်းပြောတတ် ရဲ့လား၊ တော်ကြာ ဘုရားထူးနေရဦးမယ်လို့ပူပန်စွာပြောရှာပါတယ်၊ ဖေဖေကပြုံးရယ်ပြီး ဗိုလ်ချုပ်ကကောလိပ်ကထွက်တာပါဗျ

မပူပါနဲ့အမေရယ်လို့ ဝင်ပြောပေးရတယ်၊ အဲဒီလောက် ဗိုလ်ချုပ်ကိုချစ်တတ်စိတ်ပူတတ်တဲ့အဘွားပါ ။
နောက်ပြီးမေမေနဲ့အဘွားဟာ သတင်းစာထဲကဗိုလ်ချုပ်ပုံတွေကို စိတ်တူသဘောတူကတ်ကြေးနဲ့ညှပ်ပြီး အိမ်နံရံမှာကပ်ကြပါတယ်၊

ဗိုလ်ချုပ်မိန့်ခွန်းပြောနေတဲ့ပုံ ဒေါ်ခင်ကြည်နဲ့ကလေးတွေနဲ့မိသားစုပုံတွေပါပါတယ်၊ အဘွားက အိမ်ကိုဧည့်သည်တွေလာမှဖြင့် “ဒီမှာရှင့်
ဒါဗိုလ်ချုပ်အောင်ဆန်းပုံပေါ့၊ ဒါကဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပုံဟောဒီမယ် သူတို့သားသမီးတွေ ဒါကအကြီးဆုံးအောင်ဆန်းဦးတဲ့၊ ဒါကအလတ်ကလေးအောင်ဆန်းလင်း၊ ဒါလေးကတော့ အငယ်ဆုံးမိန်းကလေး အောင်ဆန်းစုကြည်တဲ့ဘယ့်နှယ်မချောကြ   မလှကြပေဘူးလား အားလုံးမျက်ခုံးမျက်လုံးလှလှလေးတွေနဲ့”လို့ပြောပြောပြရတာလည်း မမောနိုင်အောင်ပါပဲ ။
အဘိုးက၁၂နှစ်သားလောက်ရှိတဲ့ အကိုကြီးကို မင်းလည်းကြီးလာရင်ဗိုလ်ချုပ်လိုစာတော်ရမယ်နော် ပြီးတော့ရိုးဖြောင့်ရမယ် သတ္တိရှိရမယ်လို့ပြောလေ့ရှိပြီး တော်လှန်ရေးတုန်းကဗိုလ်ချုပ်ဦးဆောင်ပြီးဘယ်လိုလှုပ်ရှားကြတာ တိုက်ခိုက်ကြတာစသဖြင့်
ပြောပြပါတယ်။

ကျွန်မတို့အဖို့ ဗိုလ်ချုပ်ဟာ စံပြပုဂ္ဂိုလ်ကြီးပါ၊တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း ဗိုလ်ချုပ်အပေါ်ကျွန်မတို့ထက်မလျော့တဲ့ စိတ်နဲ့ချစ်ခင်ကြည်ညိုခဲ့တာကို အရွယ်ရောက်လာတော့စာအုပ်တွေဖတ်ပြီး သိခဲ့ရပါတယ် ။
တစ်ခါတော့ ကျွန်မတို့မြောင်းမြမြို့က နေသူရိန် ဆိုတဲ့ဇာတ်ရုံကြီးမှာဗိုလ်ချုပ်လာပြီး တရားဟောပါတယ်၊ကျွန်မတို့မောင်နှမနဲ့  အဘိုးအဘွားအမေကြီးတို့ ရုံဝကသွားစောင့်နေပါတယ်၊လာလိုက်ကြတဲ့လူတွေဆိုတာ တစ်မြို့လုံးအိမ်မှာလူမှ ကျန်ပါ့မ လားအောက်မေ့ရပါတယ်၊ အနီးအနားရွာကလူတွေလည်းမျက်နှာသုတ်ပုဝါကြီးတွေခေါင်းပေါင်းပြီးလာကြတာမှ အုံခဲနေတာပဲ၊
ရုံကြီးထဲမှာ မဆန့်လို့ တချို့အနီးအနားကသစ်ပင်တွေပေါ်တောင်တက်ပြီးဗိုလ်ချုပ်မိန့်ခွန်းကို နားစွင့်ကြပါတယ်၊ လူမမြင်ရလည်း အသံမှကြားပါစေတော့ဆိုတဲ့စိတ်နဲ့ပေါ့ရှင် ။
ကျွန်မဆို လူကြားထဲညပ်ပြီး ဘာမှမမြင်ရပါဘူး အဘိုးထမ်းပြလို့ဗိုလ်ချုပ်ရဲ့ဦးထုပ်အစွန်းလေးကိုပဲ ရိပ်ခနဲ တွေ့လိုက်ရပါတယ်၊

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ အားမာန်ပါတဲ့အသံနဲ့ လွတ်လပ်ရေး၊နယ်ချဲ့ဝါဒ၊ စည်းလုံးကြ ဆိုတဲ့စကားလုံးတွေကိုတော့ မှတ်မိလိုက်ပါတယ်။
မိုးတွေအုံ့နေတဲ့သောကြာနေ့တစ်ညနေမှာ မေမေနဲ့ဖေဖေ ထုံးစံအတိုင်းမြို့ကိုတက်လာပါတယ်၊ ဖေဖေ့အလုပ်ကိစ္စနဲ့ပါပဲ၊ မေမေက
ပြောင်းဖူးတွေအိတ်လိုက်သယ်လာတာမို့ကျွန်မတို့မောင်နှမအကြိုက်တွေ့နေပါတယ်၊ နောက်တစ်နေ့က စနေနေ့ ကျောင်းပိတ်တော့ မေမေတို့အနားပိုကပ်ခွင့်ရတာပေါ့၊ အဲဒီနေ့ကတော့၁၉၄၇ခုနှစ် ဇူလိုင်(၁၉)ရက်နေ့ပါပဲ။
ဖေဖေကမြို့ရောက်တုန်း ရုပ်ရှင်ညပွဲသွားကြည့်မယ် ပြောထားလို့အကိုကဂျွမ်းထထိုးပါတယ်၊ မေမေတို့လာတဲ့အခါမှ ရုပ်ရှင်ကြည့်ရတာဆိုတော့ကျွန်မတို့အဖို့ ပျော်စရာကိစ္စတစ်ခုပေပဲပေါ့။
အဲဒီနေ့က မိုးဟာတစ်နေ့လုံး တစိမ့်စိမ့်ရွာနေလို့အနွေးထည်တောင်ထပ်ဝတ်ထားရပါတယ်၊ ဒါနဲ့ပဲအဘွားကကလေးတွေ    အအေးမိပြီးဖျားနာနေဦးမယ် မင်းတို့ဘာသာဓါတ်ရှင်သွားကြည့်ကြလို့ပြောလိုက်တော့ ကျွန်မက တွန့်လိမ်ကောက်ကွေးပြီး ငိုတာပေါ့၊ အစ်ကိုကလည်းအခန်းထောင့်မှာ မှုန်ကုပ်ကုပ်လုပ်နေတာပေါ့လေ၊ အဘိုးကနေသာတဲ့နေ့ကျလိုက်ပြပါ့မယ်လို့ချော့သလို   ဖေဖေကလည်း ပြန်လာရင်သကြားလုံးတွေဝယ်လာခဲ့မယ်ပြောပြီး မေမေနဲ့ထွက်သွားပါတော့တယ် ။
တကယ်တော့ ရုပ်ရှင်ရုံနဲ့ မြို့ပါတ်လမ်းမှာရှိတဲ့ ကျွန်မတို့အိမ်ကဝေးပါတယ်၊ ရုပ်ရှင်ရုံက မြို့လည်ကောင်မှာရှိတာပါ၊ အဲဒီခေတ်က ဆိုက္ကားမရှိမြင်းလှည်းမရှိ ဘတ်စ်ကားဆိုဝေးရော စက်ဘီးနဲ့ ခြေလျင်ပဲသွားကြရတာပါ၊ကျွန်မလည်း မျက်ရည်စက်လက်နဲ့ အဘွားရင်ခွင်ထဲမှာထိုင်ကျန်ခဲ့ပါတယ်၊ အဘွားကအိပ်ယာထဲချော့ခေါ်ပြီး စောင်နဲ့ထွေးပွေ့ပေးလို့သိပ်တာနဲ့ ကျွန်မအိပ်ပျော်သွားခဲ့ပါတယ်၊
ဘယ်လောက်ကြာသွားလဲမသိပါဘူး၊ ကျွန်မနားထဲမှာ စကားတိုးတိုးပြောသံတွေငိုသံတွေလိုလိုကြားပြီး လန့်နိုးလာခဲ့ပါတယ်၊ ဘာတွေဖြစ်နေတာလဲတွေးပြီးအခန်းဝကသွားရပ်ကြည့်တော့ အဘွားနဲ့မေမေကခေါင်းချင်းဆိုင်ပြီးငိုနေကြပါတယ်၊ အဘွားရဲ့ရှိုက်သံက ပိုပြင်းသလိုပါပဲ၊ဖေဖေက လက်ပိုက်အံကြိတ်ပြီးနံရံကိုမှီထိုင်နေပါတယ်၊
မျက်နှာကြီးက ကြောက်စရာကောင်းလောက်အောင်တင်းမာလို့၊ အဘိုးကတင်ပလ္လင်ခွေထိုင်ပြီး ခေါင်းငိုက်စိုက်ချထားပါတယ်၊
ကျွန်မကြည့်နေတုန်းမှာပဲ အဘိုးဟာလက်သီးကျစ်ကျစ်ဆုပ်ပြီး ကြမ်းပြင်ကိုဒုန်းဆိုထုချလိုက်ပါတယ်။
နောက် တောက်တစ်ချက်အကျယ်ကြီးခေါက်လိုက်ပြီး မိုက်ရိုင်းလိုက်တာကွာ ဒါလူကိုခွေးကသတ်တာကွ လို့ အသံတုန်ကြီး နဲ့ပြောနေပါတော့တယ်၊

အဘွားကတစ်ခါတည်းစင်းစင်းသေကြရောလား ဗိုလ်ချုပ်ကိုမကယ်နိုင်ခဲ့ကြတော့ဘူးလားလို့
ငိုသံပါကြီးနဲ့မေးနေတုန်း အိမ်နားကလူကြီးသုံးလေးယောက် ရောက်လာကြပါတယ်။
“မောင်ချစ်တင်၊ ဗိုလ်ချုပ်တို့လုပ်ကြံခံရလို့ဆို ဟုတ်သလား”“ဟုတ်တယ်ဦးကြီးစိန်၊ ကျွန်တော်တို့ ဘိုင်စကုတ်သွားကြည့်တာ ဘာကားမှမပြဘဲအဲဒီသတင်းပဲထိုးပြီးရုံပိတ်လွှတ်လိုက်တယ်၊ ဗိုလ်ချုပ် ဦးဘဝင်း၊ဦးရာဇတ်အပါအဝင်အားလုံးကိုးယောက်တဲ့၊ အကုန်လုံးဆူညံကုန်တာပဲ၊ကျွန်တော်တို့လည်း အိမ်ပြန်ပြေးလာကြတာ”
“တို့တိုင်းပြည် ဘယ်လိုဖြစ်သွားမလဲ၊ လွတ်လပ်ရေးကော ရပါတော့မလားဗိုလ်ချုပ်ပဲအားကိုးနေရတာ ”
“ဘယ်သူတွေလုပ်ကြံတာလဲ ဗိုလ်ချုပ်ကို ဘယ်သူသတ်တာလဲ ”ဒီတုန်းကဖေဖေမဖြေခဲ့ပါ၊ သူသိသလောက်မပြောသေးတာ
တရားဝင်သတင်းမထုတ်ပြန်သေးသရွေ့စောင့်ထိန်းရမယ်လို့ရဲအရာရှိတစ်ယောက်အနေနဲ့သဘောပေါက်လို့ ဖြစ်မှာပါ၊

အဘွားကတစ်ခါတည်းစင်းစင်းသေကြရောလား ဗိုလ်ချုပ်ကိုမကယ်နိုင်ခဲ့ကြတော့ဘူးလားလို့
ငိုသံပါကြီးနဲ့မေးနေတုန်း အိမ်နားကလူကြီးသုံးလေးယောက် ရောက်လာကြပါတယ်။
“မောင်ချစ်တင်၊ ဗိုလ်ချုပ်တို့လုပ်ကြံခံရလို့ဆို ဟုတ်သလား”“ဟုတ်တယ်ဦးကြီးစိန်၊ ကျွန်တော်တို့ ဘိုင်စကုတ်သွားကြည့်တာ ဘာကားမှမပြဘဲအဲဒီသတင်းပဲထိုးပြီးရုံပိတ်လွှတ်လိုက်တယ်၊ ဗိုလ်ချုပ် ဦးဘဝင်း၊ဦးရာဇတ်အပါအဝင်အားလုံးကိုးယောက်တဲ့၊ အကုန်လုံးဆူညံကုန်တာပဲ၊ကျွန်တော်တို့လည်း အိမ်ပြန်ပြေးလာကြတာ”
“တို့တိုင်းပြည် ဘယ်လိုဖြစ်သွားမလဲ၊ လွတ်လပ်ရေးကော ရပါတော့မလားဗိုလ်ချုပ်ပဲအားကိုးနေရတာ ”
“ဘယ်သူတွေလုပ်ကြံတာလဲ ဗိုလ်ချုပ်ကို ဘယ်သူသတ်တာလဲ ”ဒီတုန်းကဖေဖေမဖြေခဲ့ပါ၊ သူသိသလောက်မပြောသေးတာ
တရားဝင်သတင်းမထုတ်ပြန်သေးသရွေ့စောင့်ထိန်းရမယ်လို့ရဲအရာရှိတစ်ယောက်အနေနဲ့သဘောပေါက်လို့ ဖြစ်မှာပါ၊

တိုင်းရေးပြည်ရေးက ဘာတွေဖြစ်လာမလဲမသိသေးဘူး၊ ဦးတို့သတိနဲ့နေကြပေါ့၊ဖေဖေ ကျွန်တော်မနက် ဂါတ်ကိုပြန်မယ်၊ မမြရှင်က မလိုက်ခဲ့နဲ့ဦး၊ကလေးတွေနဲ့ ဒီမှာပဲနေခဲ့”
အဲဒီနေ့ကစပြီး တစ်မြို့လုံးခြောက်သွေ့တိတ်ဆိတ်သွားပါတော့တယ်၊ဗိုလ်ချုပ်တို့ကျသွားတယ်  ဆိုတဲ့သတင်းဟာ လူအားလုံးကို ညှိုးချုံးစေပါတယ်၊
ကျွန်မတို့ ကျောင်းလည်းမသွားရသေးပါဘူး၊ မျက်ရည်တစမ်းစမ်းဖြစ်နေတဲ့အဘွားတို့ကြည့်ပြီး ကစားချင်စိတ်လည်းမရှိ၊ လူကြီးတွေမရွှင်တာနဲ့ကလေးတွေလည်း စိတ်ပျော်စရာကိစ္စမရှိတော့သလိုပါပဲ။

ကျွန်မတို့မြို့က ရန်ကုန်နဲ့ သင်္ဘောတစ်ညအိပ်ခရီးပါ၊သင်္ဘောတစ်ရက်ခြားပဲဆိုက်လို့ သတင်းစာက ရက်ကျော်မှဖတ်ရပါတယ်၊
သင်္ဘောဆိုက်တဲ့နေ့ အဘိုးကအစောကြီးသွားပြီး စောင့်ဝယ်ရပါတယ်၊
သတင်းစာတွေက ရက်ကျော်ပေမယ့် လုပ်ကြံမှုသတင်းသိချင်လွန်းလို့ စောင့်ဝယ်ကြတာရောင်းမလောက်အောင်ပါပဲတဲ့၊ သင်္ဘောဆိုက်တဲ့အချိန်လောက်ပဲမြို့မှာလူစည်ပါသတဲ့၊ ရန်ကုန်ကပြန်လာတဲ့လူတွေကို ဗိုလ်ချုပ်တို့ကိစ္စသတင်းတွေမေးကြစုံစမ်းကြ ပြီးရင်လူစုကွဲသွားပြီး ကိုယ့်အိမ်ကိုယ်ပြန်အချင်းချင်းတိုးတိုးပြောကြနဲ့တဲ့ ဈေးဆိုင်တွေလည်း စုံအောင်မဖွင့်ကြဘူး။
လ္ဘက်ရည်ဆိုင်တွေလောက်ပဲခဏဖွင့်တာပါ၊ အထည်ဆိုင်၊ စတိုးဆိုင်တွေလည်းမဖွင့်ပါဘူး အသီး အရွက် သားငါးသည်တွေလည်း နည်းနည်းပါးပါးပဲလာသတဲ့တောပိုင်းကလှေတွေနဲ့ တက်ပြီး ဈေးရောင်းတဲ့ သူတွေလည်း လာကိုမလာကြတာတဲ့။
ကျွန်မတို့ မြို့မှာ ဒီတုန်းက ရေဒီယိုဆိုတာအလွန်ရှားပါတယ်။

စာတိုက်မှာတစ်လုံး မြို့လည်ကတရုတ်သူဌေးအိမ်မှာတစ်လုံး ဗမာသူဌေးနှစ်ယောက်လောက်အိမ်မှာတစ်လုံးစီ ဒါပဲ ရှိတာပါ။ညဘက်သတင်းကြေညာချိန်ဆိုအဲဒီအိမ်တွေနားမှာမှောင်ရိပ်ခိုပြီး သွားနားထောင်ကြရပါတယ်။
ရေဒီယိုကိုကျယ်ကျယ်လေးဖွင့်ထားပေမယ့် ခြံတံခါး၊အိမ်တံခါးတွေတော့ပိတ်ထားသတဲ့။ ဘယ်သူ့ကိုမှန်းမသိ၊ ဘာမှန်းမသိ ကြောက်နေကြရတာတဲ့ ခရိုင်ရဲဝန်ကြီးရဲ့ အိမ်ကရေဒီယိုကတော့ဖွင့်ပုံမရပါဘူး၊ ရဲအစောင့်တွေအများကြီး ချထားလို့ဘယ်သူမှ အနားတောင်မကပ်ဝံ့ပါဘူးတဲ့။
ည ညဆိုစစ်ကားတွေအရေးတကြီး ပုံစံနဲ့ ဒလကြမ်းမောင်း မောင်းသွားရင်ဘာမှန်းမသိကြောက်ကြရပြန်ရော၊ ဖေဖေကလည်း ပြန်မလာနိုင်ပါဘူး၊အမြဲတမ်းအသင့်အနေအထားနဲ့နေပြီး ကျေးရွာလုံခြုံရေးရော၊ရဲစခန်းလုံခြုံရေးရောသတိနဲ့နေ ရကြောင်း စာလာလို့ သိရပါတယ်။
ဗိုလ်ချုပ်တို့ရဲ့ ရုပ်ကလာပ်ပုံတွေကိုကြည့်ပြီး မေမေက -သူ့ခမျာအငယ်လေးနဲ့ မုဆိုးမဖြစ်ရရှာတယ်၊ ကလေးတွေလည်း အငယ်သားလေးတွေလို့ဒေါ်ခင်ကြည့်ပုံကိုကြည့်ပြီး ဂရုဏာသက်နေပါတယ်။

အဘွားကတော့ -ရန်ကုန်လိုက်ပို့ ဗိုလ်ချုပ်တို့ကို သွားကြည့်ချင်ပါတယ်လို့အဘိုးကိုနားပူပါတယ်။
အဘိုးက တည်းခိုဖို့အိမ်လည်း မရှိ၊ အသိလည်းမရှိတဲ့ အပြင်အဲဒီမှာလူတွေကျိတ်ကျိတ်တိုးနေလို့ တန်းစီရမယ့်အကြောင်း၊
အိမ်မှာကလေးတွေနဲ့ မေမေဘဲကျန်ခဲ့မှာစိတ်မချရတဲ့ အကြောင်း၊တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေကြောင်းပြောပြီး အတော် နားချရပါတယ်။
ဗိုလ်ချုပ်တို့ကိုလုပ်ကြံတာဂဠုန်ဦးစောခေါင်းဆောင်တာပါဆိုတာသိပြီးနောက်ပိုင်း အဘိုးဟာ သူ့ကိုယ်ပေါ်မှာထိုးထားတဲ့ ဂဠုန်ရုပ် ကိုမုန်းလွန်းလို့အရေပြားခွာပစ်ချင်ပါသတဲ့။
ဗိုလ်ချုပ်တို့ကျဆုံးလို့ရက်လည်တဲ့နေ့မှာတော့ အဖွားနဲ့ မေမေဟာ ထမင်းဟင်းအချိုပွဲ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီးဘုန်းကြီးကျောင်း ကို ရက်လည်ဆွမ်းဆိုပြီး သွားကပ်ကြပါတယ်၊ ကျောင်းမသွားခင်အိမ်ကဘုရားမှာ ဆွမ်းပွဲ အချိုပွဲများကပ်လှူပြီးတော့   ကြေးစည်ထုကာအဘွားက-ဗိုလ်ချုပ်နှင့်အတူကွယ်လွန်သွားတဲ့ခေါင်းဆောင်ကြီးများအားလုံး အမျှ အမျှအမျှ ပေးဝေ  ပါတယ်၊ ဒီလိုအဖြစ်ဆိုးများ ဒီဘဝမှာတင်ကျေကြပါစေ၊ကိုအောင်ဆန်းရေ သားရေ အမျှ ကွဲ့ အမျှ အမျှ လို့ ငိုသံပါကြီးနဲ့ တတွတ်တွတ်ပြောနေပါတော့တယ်။ု

အခု ကျွန်မအသက် (၇၃)ထဲမှာပါ။ အဘိုး၊ အဘွား၊မိဘများလည်းကွယ်လွန်ကြရှာပါပြီ၊ အာဇာနည်နေ့ကိုလည်းအကြိမ်ကြိမ် ဖြတ်သန်းပြီးပါပြီ။ တနှစ်တခါ ဒီလိုနေ့ရောက်တိုင်းအဘိုးအဘွားတို့ကိုပိုသတိရမိပါတယ်။ သူတို့ကိုလွမ်းဆွတ်သလောက်
သူတို့ချစ်တဲ့ ဗိုလ်ချုပ်တို့ကိုချစ်ခင်လွမ်းဆွတ်မိတာပါပဲရှင်။

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်စရိုက်
ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည်  ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက်  ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး)  သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ  ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက  ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ  ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင်  ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့်  အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊  ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို  တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ ဗိုလ်ချုပ်သည်  မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍  ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ  ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ  တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက်  ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ  ဖြစ်သည်။

“ဘာများလည်း ဗိုလ်ချုပ်”
ကျွန်တော်ထုံးစံအတိုင်  သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ  (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက်  သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု  စားချင်တယ် ကွာ” ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို  ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။
ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား  နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က  ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။  ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ  တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍  ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။

နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့  ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ်  လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်  အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ \[မှတ်ချက်။  ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို  ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ်  သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော  ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့်  လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့်  ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ  အပြစ်မဆိုသာပါချေ။

စာရေးသူ
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး  စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း  တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည်  လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍  ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့  သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့်  ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု  ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”
ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း  ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့်  ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။

သို့သော်  ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”
“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊  ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း  လာပါ ဗိုလ်ချုပ်”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊

ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ  ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း  ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊  ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့  တိုက်ရိုက်မောင်းသွား လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း  စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန်  မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။  မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ  ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော  ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။  ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း  ဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည်  အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ  ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင်  ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ  မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့်  ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး  ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
“ဒီမယ် ခင်ဗျားကျုပ်ကို  သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့  လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ်  စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက်  မပါဘူး၊

ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ်  လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်  ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ  မသိစေချင်ဘူး”
ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ  ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက်  နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။

ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့်  စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း  ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး  ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန်  အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ  တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း -
“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”
ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း  အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား  ရိုသေစွာ ဆလံပေး အလေးပြုရင်း -
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”
ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -
“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း  တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။  နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း  (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့်  ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို  ရှင်းပေးလိုက်ရပါသည်။
ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း  သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း  ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုစရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့  အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ

"ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး..။ ဒါကို ငါလည်း သိတယ်..။ မင်းတို့ ဗြိတိသျှတွေလည်း သိတယ်..။ ဘာဖြစ်လို့လဲဆိုတော့.. မင်းတို့က အဲဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ.."။

(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း (ဗိုလ်ချုပ် မယား ညီအကို) က ရန်ကုန် ဆူးလေးဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည်ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည်ကြီးတဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ် အန်တိုနီ စတိုနာ ကို ချဲတဲ့ စကား..)
ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/မရှိ သုံးသပ်ချက်တွေကို ဗြိတိသျှ နိုင်ငံခြားရေးဋ္ဌာနက ဆက်စပ်တဲ့ လျှို့ဝှက် မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန်ကာလရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဘီဘီစီ ရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့ "အောင်ဆန်းကို ဘယ်သူသလဲ" (Who Killed Aung San?, 1993) စာအုပ်လို နဲ့ အခြား သမိုင်းစာအုပ်တွေမှတဆင့် သိခွင့်ရလို့ လူအများ စဉ်းစားဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်..။

ဒီရှုပ်ထွေး နက်နဲပြီး အရုပ်ဆိုးလှတဲ့ နိုင်ငံရေး လုပ်ကြံမှုကြီးရဲ့ အခြားနောက်ခံ ကွင်းဆက်ဖြစ်တဲ့ စစ်တပ်၊ အထူးသဖြင့် ဗိုလ်နေဝင်း ရဲ့ လက်ချက်မကင်းပုံတွေကိုလည်း အထက်မှာ ဆိုခဲ့တဲ့ အစီအစဉ် နဲ့ စာအုပ် မှာ တစွန်းတစ တွေ့နိုင်၊ မြင်နိုင်..၊ စဉ်းစားသုံးသပ် နိုင်ပေမယ့် လူတွေအကြား.၊ အထူးသဖြင့် လူငယ်တွေအကြား သိပ်သတိမထားမိကြဘူးလို့ ထင်တယ်..။
 
ကြေးမုံဦးသောင်းရဲ့ စာအုပ်တွေ ဖတ်ရင် ဗိုလ်နေဝင်းဟာ ဂျပန်မှာ စစ်ပညာသင်စဉ်ကာလ က စပြီး နောက်ပိုင်း တလျှောက်လုံး စစ်တပ်ရာထူး အထွပ်အထိပ်ကို ရောက်နိုင်ဖို့ အမျိုးမျိုးကြံစည် လုပ်ဆောင်ခဲ့ပုံတွေကို သိနိုင်တယ်..။
အခြား သမိုင်းနောက်ခံ စာအုပ်တွေ ဖြစ်တဲ့ သိန်းဖေမြင့် တို့..၊ သခင်တင်မြ တို့ စာတွေမှာလည်း ဗိုလ်နေဝင်း ဂျပန်ခေတ်မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး တို့နဲ့ ဆရာမွေး၊ တပည့်မွေး လုပ်ကြပြီး မြေအောက်တော်လှန်ရေး ဦးဆောင်နေတဲ့ သခင်စိုးနဲ့ သွားတွေ့..၊ ညှိ..၊  ဂျပန် လက်နက်ကိုင် တော်လှန်ရေး စလုပ်ဖို့ ဆွေးနွေးခဲ့တာတွေ..၊ သခင်စိုး က သူတို့ စစ်တပ်ကလူချင်း အာဏာလုပွဲမှာ ငါက ဘာလို့ ခေါင်းခံရမလဲဆိုပြီး ငြင်းလွှတ်လိုက်တာတွေ စတဲ့ ဗိုလ်နေဝင်ရဲ့ အထက်ကို ဖြတ်လမ်းက ရောက်ဖို့ ကြံခဲ့တဲ့ ကလိမ်ဥာဏ်တွေကို သိနိုင်တယ်..။
ဂျပန်တော်လှန်ရေး တကယ်စတော့လည်း ဗိုလ်နေဝင်းဟာ သူ တာဝန်ကျတဲ့ ဒေသမှာ မနေဘဲ ရန်ကုန်မှာ ဂျပန်ဆုတ်တဲ့ သတင်းကြားတော့ ရန်ကုန်ကို အမိန့်မရဘဲ သွား၊ သူတကယ် မပါခဲ့ဘဲနဲ့ ခပ်တည်တည် နဲ့ သူဦးဆောင်တဲ့ ဗမာ့တပ်မတော် က ရန်ကုန်ကို သိမ်းလိုက်ပြီ ဖြစ်ကြောင်း သူ့လက်မှတ် နဲ့ စာထုတ်..၊ မြန်မာ့အသံမှာ လွှင့် စတာတွေ လုပ်ပြီး ဝင်လာတော့မယ့် ဗြိတိသျှ ကို သူဟာ ဗမာစစ်တပ်ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြုနိုင်ဖို့ လုပ်ခဲ့တယ်..။ သခင်စိုးတောင် မျက်စေ့ မလည်ခဲ့တဲ့ အကွက်ကို လူပါးတွေဖြစ်တဲ့ ဗြိတိသျှ တွေကလည်း ပိုနားလည်တဲ့အတွက် နောက်ပိုင်း တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေကို ဗိုလ်ချုပ် နဲ့ သာ လုပ်ခဲ့တယ်..။

ဂျပန်တော်လှန်ရေး အတွက် နောက်ဆုံး ဗိုလ်ချုပ်အိမ်မှာ ဆွေးနွေးကြတော့ ဗိုလ်ချုပ်က ဗိုလ်နေဝင်းကို မယုံကြည်တဲ့အတွက် တာဝန်တွေကို လျှော့ချပစ်ခဲ့တယ်..။ မယုံကြည်နိုင်လောက်တဲ့ အကြောင်းတွေကလည်း ရှိခဲ့တယ်..။ ဗိုလ်နေဝင်းဟာ စစ်ကြို အင်္ဂလိပ်ခေတ် ကောလိပ်ကျောင်းသားဘဝ နဲ့ နောက်ပိုင်း စာတိုက်စာရေး ဘဝတွေမှာ အပျော်အပါး လောင်းကစားကြောင့် အမြဲ ငွေလိုနေတဲ့အတွက် အင်္ဂလိပ်အစိုးရရဲ့ သတင်းပေး လုပ်ပေးဖူးခဲ့တယ် ဆိုတဲ့ သံသယ အကြောင်းတွေ ရှိတယ်..။ ဒါအပြင့် ဂျပန်ခေတ်ရောက်တော့ အထက်မှာဆိုသလို ရာထူးလိုချင်တာကြောင့်ပါ ဂျပန်တွေနဲ့ ပလူးပလဲ နေခဲ့တယ်..။ ဗိုလ်နေဝင်း သိနေတဲ့ အင်္ဂလိပ်ဘက်က ချန်ခဲ့တဲ့ သူလျှိုတွေ ဂျပန် ဖမ်းပြီး အသတ်ခံခဲ့ရဖူးတဲ့ သာဓက တွေ ရှိတော့ အားလုံးက ဗိုလ်နေဝင်း ဂျပန်သတင်းပေးလည်း လုပ်နေပြီလားဆိုပြီး ဂျပန်တော်လှန်ရေး စမယ့်အချိန်မှာ သံသယနဲ့ ကြောက်နေတယ်..။ သို့သော် ဗိုလ်ချုပ်က သူလျှိုမှုနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အရေးယူတာမျိုးတော့ မရှိခဲ့ဘူး..။
ဗိုလ်ချုပ်က ဗိုလ်နေဝင်းကို ဟိုင်နန် မှာကတည်းက အသက်အရွယ်အရ ရယ်..၊ တဘက်ဂိုဏ်း (သခင် ဗစိန်- ထွန်းအုပ် ဒို့ဗမာအစည်းအရုံး) က သူလည်း ဖြစ်တဲ့ အတွက် ညီညွတ်မှု ပြချင်တာရယ် အပြင် သူ ရဲ့ ဥာဏ်ကောင်း၊ ထက်မြက်..၊ အထက်လူကြီး ခိုင်းရင် ဖင်ပေါ့ သွက်လက် လုပ်ပေးတတ်တဲ့ အကျင့်ကြောင့် မျက်နှာသာ ပေးခဲ့တယ်..။

ဒါပေမယ့် ရဲဘော် သုံးကျိပ်မှာ အထက်အောက် အဆင့်အရ သူအထက်မှာ ပိတ်ခံနေတဲ့ သူတွေ အများကြီးဆိုတာ သိတဲ့အပြင်..၊ သူရဲ့ နိုင်ငံရေး အရည်အချင်း မရှိမှု..၊ နောက်ခံ သမိုင်း မကောင်းမှုတွေကြောင့် ထိပ်ဆုံး မရောက်နိုင်ဘူးဆိုတာကို ဗိုလ်နေဝင်းက အဲ့ဒီ အချိန်ကတည်းက ကောင်းကောင်းနားလည်ထားပြီး ဖြစ်တဲ့အတွက် မကျေမနပ် ဖြစ်နေကာ  ထိပ်ကို လှမ်းနိုင်ဖို့ အောက်လမ်းနည်းအမျိုးမျိုးနဲ့ အမြဲ ကြံစည်ခဲ့တယ်..။
ရဲဘော် သုံးကျိပ်မှာ စစ်ခေါင်းဆောင် အနေနဲ့ ဗိုလ်ချုပ်..၊ နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ သခင်ထွန်းအုပ်..၊ ဒုတိယ စစ်ခေါင်းဆောင် အနေနဲ့ ဗိုလ်လင်္ကျာ (သခင်လှဖေ)..၊ နောက်စစ်ခေါင်းဆောင်တွေ အဖြစ် ဗိုလ်ဇေယျ (သခင် လှမောင်)..၊ ဗိုလ်စင်္ကြာ (သခင်အောင်သန်း၊ သခင် ဗစိန်- ထွန်းအုပ် ဂိုဏ်း) တို့ ဟာ ဗိုလ်နေဝင်း ရဲ့ အထက် အဆင့်အနေနဲ့ ရှိခဲ့တယ်..။
ဘီအိုင်အေ တပ် ယိုးဒယားကနေ ဗမာပြည်ကို စဝင်တော့ သူ့ကို ရှေ့ပြေး တပ်အဖြစ်နဲ့ လျှို့ဝှက် မြေအောင် အဖျက်လုပ်ငန်းတွေ လုပ်ဖို့ လွှတ်လိုက်တယ်..။ ဒါပေမယ့် ဘာမှ မယ်မယ်ရရ မလုပ်ဘဲ ရန်ကုန်မှာ မြေအောင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတွေဆီ သွားပြီး ပုန်းနေခဲ့တယ်..။

ယိုးဒယား မှာ ရဲဘော်သုံးကျိပ် လက်မောင်းသွေးဖောက် သောက် သစ္စာကတိပြုကြတော့ ဗိုလ်နေဝင်းက ဖာအိမ်ရောက်နေလို့ မပါခဲ့ဘူးလို့ အတည်မပြုနိုင်တဲ့ ဆိုရိုးရှိတယ်..။
[ ဒါကြောင့် ၁၉၄၈ လွတ်လပ်ရေး ရပြီး တပ်တချို့ တောခိုတော့ အစ ဗိုလ်နေဝင်းက စစ်တပ်ကို ဦးဆောင်ပြီး တောခိုမယ်..၊ ဦးသိန်းဖေမြင့်က နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ တောခိုမယ်ဆိုတဲ့ အကြံအစည်ကို ဗိုလ်နေဝင်း ကတိသစ္စာ ဖျက်ခဲ့တာဟာ လက်မောင်း သွေး မသောက်ခဲ့လို့ဆိုပြီး အဆိုရှိတယ်..။ ရိုးတဲ့ ဗိုလ်ဇေယျာကတော့ တောထဲပါသွားခဲ့တယ်..။ ]
 
ဦးသိန်းဖေမြင့် ကို အဲ့အချိန်မှာ သူ့သူငယ်ချင်း ဦးကျော်ငြိမ်းက တောမခိုစေချင်လို့ နေအိမ်ကို ထမင်းစား ဖိတ်ပြီး ထောင်ထဲ ထည့်ထားလိုက်တယ်..။ ဗိုလ်နေဝင်း လိုက်မသွားတာကတော့ တောခိုတဲ့ အဖွဲ့အစည်းတွေနဲ့ အနေနဲ့ အာဏာရဖို့က မသေချာတာရယ်..၊ လက်နက်ကိုင် ရောင်စုံ အဖွဲ့အစည်းတွေ တောခိုနေပြီး ဖြစ်လို့ အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ ဦးနု အစိုးရ ကို စစ်တပ် ခေါင်းဆောင် အနေနဲ့ အကြပ်ကိုင် ရာထူးတောင်းတာက ပိုသေချာတဲ့ အတွက် လို့ ယူဆရတယ်..။ တကယ်လည်း ရာထူးရခဲ့တယ်..။ တကယ် တိုက်ပေးရတာကတော့ နာမည်ကျော် ဗိုလ်မှုးချုပ် ကျော်ဇောပဲ ဖြစ်တယ်..။ ဗိုလ်မှုးချုပ် ကျော်ဇော က ကိုယ်တိုင်ဦးဆောင်ပြီး ရန်ကုန်အစိုးရ လို့ နိုင်ငံတကာ မှာ လူအဟားခံ ဖြစ်နေရတဲ့ အခြေအနေကနေ နိုင်အောင် တိုက်နိုင်ခဲ့တယ်..။

ဗိုလ်မှုးချုပ် ကျော်ဇော ကိုယ်တိုင်လည်း အဲ့တုန်းကတော့ ကရင်ကို တိုက်ရတာ နယ်ချဲ့ပယောဂကြောင့် ဆိုပြီး မှန်တယ်လို့ ယူဆဖူးတဲ့ အကြောင်း သူ့ ကိုယ်တိုင်ရေး စာအုပ်မှာ ဝန်ခံဖူးတယ်..။  စကားမစပ် - ဗိုလ်မှုးချုပ် ကျော်ဇော အကြောင်းကို သူကိုယ်တိုင် ရေးတာအပြင် ဦးလွင်၊ ဦးတင်ဦး တို့ ပြောတာတွေကကို လူငယ်တွေ ရှာပြီး ဖတ်စေချင်တယ်..။ တကယ့် စစ်သားကောင်းကြီး အကြောင်းကို သိရမယ်..။ ]
ဂျပန်ခေတ် တလျောက်လုံး ဗိုလ်နေဝင်း ရဲ့ စစ်တပ်ရာထူးဟာ သူရဲ့ လောင်းကစား ဝါသနာ၊ မိန်းမ လိုက်စားမှု စတဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့် ဗိုလ်ချုပ်ရဲ့ အမြဲ ရာထူးချလိုက်..၊ တက်ပေးလိုက် လုပ်ခြင်းခံရတယ်..။ ဗိုလ်ချုပ်က ဗိုလ်နေဝင်း မကောင်းမှန်းသိပေမယ့် အကြောင်းကြောင်းကို ထောက်ထားပြီး အတတ်နိုင်ဆုံး သက်ညှာစဉ်းစားပေးခဲ့တယ်..။

ဒီအားနည်းချက်မျိုး ဦးနုမှာလည်း ရှိခဲ့တယ်..။ ဗိုလ်နေဝင်း လင်ကြီး ငုတ်တုတ်ရှိတဲ့ ဒေါ်ခင်မေသန်းကို ယူတော့ ဒါဟာ တရားဥပဒေ အရ ကော…၊ လူမှု ကျင့်ဝတ်အရပါ လက်ခံနိုင်စရာ မရှိတဲ့အတွက် အင်မတန် ဘာသာတရား ကိုင်းရှိုင်း..၊ အကျင့်သီလ စင်ကြယ်တဲ့ ဦးနုက စစချင်းမှာ လုံးလုံး သည်းမခံဘဲနဲ့ ဗိုလ်နေဝင်းကို ရာထူးက အနားပေးဖို့ ဆုံးဖြစ်ခဲ့တယ်..။ ဒါကို ဗိုလ်နေဝင်းကြားတော့ ဆိုရှယ်လစ် ခေါင်းဆောင်တွေက တဆင့် ဦးနုကို ရှိခိုးမတတ် တောင်းပန် ဦးညွှတ်၊ မှားမိကြောင်း ဝန်ခံတယ်..။ ကျန်တဲ့ သူတွေကိုလည်း ဦးနုကို ဖြောင်းဖျ ပေးဖို့ လိုက်တောင်းပန်တယ်..။ ဒါနဲ့ပဲ  ဦးနုရဲ့ ဗိုလ်နေဝင်းကို ဖြုတ်ရေး အစီအစဉ် အကောင်အထည် မပေါ်ခဲ့ဘူး..။ ဗမာပြည် ကံဆိုးခဲ့တဲ့ အကြောင်းတချက်လို့တောင် ဆိုနိုင်တယ်..။

ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်၊ လင်္ကျာ-ဖရီးမင်း တို့ အရ ဖွဲ့စည်းခဲ့တဲ့ ခေတ်သစ် ဗမာ့တပ်မတော် ရာထူးအဆင့်မှာလည်း ဗိုလ်ချုပ် တပ်ကနေ အနားယူသွားပြီ ဖြစ်တဲ့အပြင် ဗိုလ်ဇေယျ (ကြည်း ၃၅၀၃) ထက် အမှတ်စဉ် တဆင်ြ့မင့်တဲ့ (ကြည်း ၃၅၀၂) အမှတ်စဉ်ကို အကြောင်းအမျိုးမျိုးကြောင့် အရယူနိုင်ခဲ့ပေခဲ့ အထက်မှာ ဗိုလ်လင်္ကျာ (ကြည်း ၃၅၀၁) အပြင် အခြား အင်္ဂလိပ် တပ် က ဗိုလ်မှုးချုပ် စမစ်ဒွန်း (ဒုတိယ ကမ္ဘာစစ်အတွင်းက ဗိုလ်မှုးကြီး လေးပေ လို့ နာမည်ကြီးခဲ့တဲ့ နောက် ဗမာ့တပ်မတော်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ သူ)..၊ ဗိုလ်မှုးကြီး စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ် စစ်တက္ကသိုလ် ဆင်း) တို့လို ဝါရင့် ကရင် စစ်ဗိုလ်ကြီးတွေ ရှိခဲ့တဲ့ အတွက် ဗိုလ်နေဝင်းဟာ သူရဲ့ စစ်တပ် ရာထူးတက်ရေး ရည်မှန်းချက် အလှမ်းဝေးနေဆဲဖြစ်ကြောင်းကို ကောင်းကောင်းသိခဲ့တယ်..။ အောင်ဆန်း-အက်တလီ စာချုပ်၊ နု-အက်တလီ စာချုပ်၊ လင်္ကျာ-ဖရီးမင်း၊ အစရှိတဲ့ သမိုင်းမှတ်တိုင်တွေသာ ရှိတဲ့ ဗမာ့ လွတ်လပ်ရေး နဲ့ ဗမာ့တပ်မတော် သမိုင်းမှာ သူဟာ ညစ်ပတ်တဲ့ ဖြတ်လမ်းနည်းမှ မသုံးရင် ထိပ်ဆုံးမရောက်ဘူးဆိုတာကိုလည်း ဗိုလ်နေဝင်း ကောင်းကောင်း သိခဲ့တယ်..။

ဗိုလ်နေဝင်းဟာ အထက်မှာ ဆိုသလို ရာထူးကြောင့်ရယ်..၊ နိုင်ငံရေးအရ အစစ အရာရာ သူ့ထက်သာတဲ့ ဗိုလ်ချုပ်အပါအဝင် သူ့အထက်က သူအားလုံးကို မလိုမုန်းတီမှု ရှိခဲ့တယ်..။ ဗိုလ်ချုပ် အပေါ်မှာဆို ပုဂ္ဂိုလ်ရေး မုန်းတီးမှုပါ ရှိခဲ့တယ် လို့ ဆိုကောင်းဆိုနိုင်တယ်..။
 
အကြောင်းက ဗိုလ်နေဝင်းဟာ ဂျပန်ခေတ် စစ်ရုံး (ပျဉ်းမနား) မှာ တာဝန် ထမ်းဆောင်နေရင်းနဲ့ သူ့အကျင့် အတိုင်း တပ်ထဲမှာ မိန်းမပျက်..၊ မိန်းမရွှင်..၊ မိန်းမကောင်း မျိုးစုံ နဲ့ ဇိမ်ခန်း သဖွယ် ပျော်ပါးလေ့ရှိတယ်..။ တဖြည်းဖြည်းနဲ့ အဲ့အကြောင်းက ဗိုလ်ချုပ်နား ရောက်သွားတယ်..။ အဲ့အချိန်လောက်မှာပဲ ဗိုလ်နေဝင်းက ပျဉ်းမနားမှာ မိန်းမကောင်း တစ်ယောက်ကို ကျူးလွန်တဲ့ အဓမ္မ မုဒိမ်း ကျင့်မှု ဖြစ်တယ်..လို့ဆိုတယ်။ အဲ့တော့ ဗိုလ်ချုပ်က အင်မတန် စိတ်ဆိုးသွားပြီး ဒေါသ ထွက်ထွက် နဲ့ တပ်ကို စစ်ရင်း ဗိုလ်နေဝင်းကို လူလယ်ကောင် မှာ ပါးရိုက် ဆုံးမခဲ့တယ်လို့ အဆိုရှိတယ်..။
[အဲ့အဖြစ်အပျက်လို့ မှန်းဆနိုင်တဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်နေဝင်း တွဲလျက် ရှားပါး ဓာတ်ပုံ..၊ ဗိုလ်ချုပ်က သုန်မှုန်နေတဲ့ ရုပ်နဲ့..၊ ဗိုလ်နေဝင်းက သတိ ဆွဲထားတဲ့ အနေနဲ့  ပုံ ရှိခဲ့တယ်..။]

အဲ့ဒီ (အတည်မပြုနိုင်တဲ့) အဖြစ်အပျက်ကို ဗိုလ်နေဝင်းက အင်မတန် အငြိုးတကြီး ရှိခဲ့တယ်..။ အရှက်ရခဲ့တယ် လို့ ယူဆရတယ်..။
တခါက ဗိုလ်နေဝင်း သမီးတယောက်က ဒေါ်စုနဲ့ စကား အချီအချ ဖြစ်တော့ “ဦးစောကို သေနတ်တွေ ပေးလိုက်တာ ငါ့အဖေ ဟဲ့..” လို့ ပြောဖူးကြောင်း ဆက်စပ်တဲ့ ကောလဟလဆန်ဆန် အတွင်းဇာတ်လမ်းတွေလည်း ရှိခဲ့တယ်..။
ပျဉ်းမနား အဖြစ်အပျက် က အတည်မပြုနိုင်ပေမယ့် ဂျပန်ခေတ်တလျှောက်လုံး ဗိုလ်နေဝင်း အဲ့မှာ အဲ့လို ဖာတသိုက်နဲ့ ပျော်ပျော်ပါးပါး နေခဲ့တာကတော့ အမှန်ပဲ ဖြစ်တယ်..။ အခြား ဆက်စပ်တဲ့ မိန်းမ ဇာတ်လမ်းတွေလည်း အများကြီး ရှိခဲ့တယ်..။
 

သူနောက်ပိုင်း အာဏာရတဲ့အချိန် စနာမည်ကြီးလာတဲ့ မင်းသမီးတယောက် ကို တော်ကောက်ဖို့ ကြံရွယ်တဲ့ ကိစ္စ မဖြစ်မြောက်ခဲ့တာက အဲ့မင်းသမီးဟာ သူ့ ရဲ့ ဂျပန်ခေတ် ပျဉ်းမနား ဇာတ်လမ်းရှုပ်တခုနဲ့ ဆက်စပ်ပြီး သူ့သမီးအရင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေးက စုံစမ်း တင်ပြတဲ့ အတွက်လို့လည်း လူပြောများခဲ့ဖူးတယ်..။ ဘယ်သူလဲဆိုတာတော့..၊ ကောလဟလ သတင်းဖြစ်တာရယ်..၊ အားလုံးလည်း သိကောင်း သိနိုင် မှာဖြစ်တဲ့ အပြင် ကာကယံရှင် လည်း သက်ရှိ ထင်ရှားရှိနေတော့ နာမည် မရေးတော့ပါ..။ ဗမာပြည် အာဏာရှင် စနစ် ခေတ်တလျှောက်လုံး သတင်းမှန်တွေဟာ ကောလဟလ အနေနဲ့ ထွက်ခဲ့တယ်ဆိုလည်း သတိပြုရပါမယ်..။]
 

ပုဂ္ဂိုလ်ရေး အငြိုး ရှိရှိ / မရှိရှိ အထက်မှာ ဆိုခဲ့သလို ဗိုလ်နေဝင်းဟာ နိုင်ငံရေး နဲ့ ရာထူး ရည်မှန်းချက်.. တွေကြောင့် ဗိုလ်ချုပ်ကို ဖြုတ်ချင်တယ်ဆိုတာတော့ ထင်ရှားတယ်..။ ဒါကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှု ကို လမ်းဖွင့်ပေးခဲ့သလားဆိုတာဟာ ထည့်သွင်းစဉ်းစား သုံးသပ်ရမယ့် သမိုင်းအချက်ဖြစ်တယ်..။
 
ဦးစော နဲ့ ကြံရာပါ ဟာ ဗိုလ်နေဝင်း ဖြစ်ဟန်ရှိလို့ သဲလွန်စလိုက်ရှာတဲ့ ဦးတင်ထွဋ် နဲ့ ဦးထွန်းလှအောင် တို့ကိုလည်း ဗိုလ်နေဝင်းက အမြဲ သတိထားခဲ့တယ်..။ ဦးတင်ထွဋ် ဆိုရင် ဗုံးခွဲလုပ်ကြံခံခဲ့ရတယ်..။ ဗိုလ်နေဝင်းက တခါတုန်းက ဗမာ့ခေတ် ဦးအုန်းခင် ကို “ကိုအုန်းခင်.. တင်ထွဋ်ကို သတ်တာ ဘယ်သူလဲဆိုတာ သိရဲ့လား လို့..” ဆိုပြီး စသလို နောက်သလို ပြောရင်း ခြိမ်းခြောက်ဖူးတယ်လို့ ကြေးမုံဦးသောင်းက အတိအလင်း ရေးဖူးတယ်..။

ဒါကတော့ မနေ့က အာဇာနည်နေ့ နဲ့ ဆက်စပ်ပြီး နောက်ခံ သမိုင်းအချက်တချို့ကို  လက်လှမ်းမမီတဲ့ လူငယ်တွေသိစေဖို့ ရောက်တတ်ရာရာ ရေးခြင်းဖြစ်ပါတယ်..။ ဘယ်သူ့အပေါ်မှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာစေလိုချင် မရှိပါ..။ နောင် အလျင်းသင့်ရင် ဆက်စပ်တဲ့ အကြောင်းတွေကို အခြား အထောက်အထား ခိုင်ခိုင်လုံလုံ နဲ့ ဆောင်းပါး ပုံစံ ဖြစ်အောင် ရေးပါဦမယ်..။
ငြိမ်းချမ်းအေး
၂၀ ၊ ဇူလိုင် ၊ ၂၀၁၂
(မှတ်ချက် - ခု အထက်မှာ ရေးတဲ့ အထဲမှာလည်း ပျဉ်းမနား မုဒိမ်းမှု နဲ့ ဆက်စပ်တဲ့ကိစ္စ ကလွဲလို့ အားလုံးဟာ အထောက်အထား ရှိပါတယ်..။

ဗိုလ်ချုပ်အောင်ဆန်း ကလေးဘ၀ (တောက်မဲ့မီးခဲ တရဲရဲ)
ကျမရဲ့ ဖေ့စ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ ”တောက်ချင်တဲ့မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ခလေးဘဝ)” ဟူသော ဆောင်းပါးကို ဆွေးမြေ့နေပြီဖြစ်တဲ့ စာအုပ်ပုံအဟောင်းထဲမှ ဤအိုးဝေဂျာနယ်ကို ဆွဲထုတ်ယူလာခါ ကွန်ပြူတာဖြင့် စာစီစာရိုက်ပြီး ယခု ဖေ့စ်ဘုတ်ပေါ်တွင် သူငယ်ချင်းများ မှတ်ရှု့လေ့လာနိုင်ရန်အတွက် လက်ဆောင်မျှဝေလိုက်ရပါသည်။
ဟေသီမိုး
တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ခလေးဘဝ)
ရေးသူ စည်သူကျော်ထင်
အိုးဝေဂျာနယ် အမှတ် (၈၀) စာမျက်နှာ ၁၇၊ ၁၈
၁၃၃၃ ခုနှစ် နတ်တော်လဆန်း ၁၄ ရက်
၁ ရက် ၁၂ လ ၁၉၇၁

မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ် ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုပ်ဂူရှိရာ၊ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ၊ ဖခင်၏ အုပ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖုရောင်းတိုင်များကို စိတ်အေးလက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေ အကြောင်းကို လူအများ ဒဏ္တာရီ သဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေ ဟူ၍္မရှိကြောင်း လက်တွေ့ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီးခဲ့လေပြီ။
ယခုဆောင်းပါး၌ ”ပွဲမဝင်ခင် အပြင်ကကျင်းပ” ဟူဘိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝနှင့် သခင်ဘဝတို့တွင် မြန်မာလွပ်လပ်ရေး တိုက်ပွဲအတွက် မည်သို့ တာစူ ခဲ့သည်တို့ကို စာဖတ်သူများ အကဲခတ်နိုင်ရန် တင်ပြပါအံ့။
တုံးတိုက်ကျားကိုက်
”တောက်ချင်တဲ့မီး စဖိုနဲ့ရဲရဲ” ဟူသော မြန်မာစကားပုံသည် ဗိုလ်ချုပ်အောင်ဆန်းအတွက် သက်သက် တီထွင်ဖန်တီး ထားလေရော သလားဟုပင် ထင်ရလောက်အောင် သူ၏ ကြိုးပမ်းမှု - စွန့်စားမှု များကို တွေ့ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းကပင် တစုံတခုကို ပြုလုပ်ရန် စွဲလန်းမိလျှင် ထိုကိစ္စကို မဖြစ်မနေ အနာခံ၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်မြောက် အောင်မြင်သည်အထိ ပြုလုပ်တတ်သော ဇွဲသတ္တိမျိုး ရှိလေသည်။
ထိုဇွဲသတ္တိပင်လျှင် ကိုအောင်ဆန်းအား မြန်မာလွပ်လပ်ရေး ပိသုကာ အာဇာနည် သူရဲကောင်း ဘဝသို့တိုင် ရောက်အောင် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသော် ရကောင်းအံ့ဟု ထင်ပါသည်။
ကိုအောင်ဆန်း၏ အချို့သော အဖြစ်အပျက်များသည် အနစ်နာခံ စွန့်စားခြင်းဖြင့် ရင်းနှီးရယူခဲ့သည် ဖြစ်ရကာ ကိုအောင်ဆန်း၏ မိတ်ဆွေသူငယ်ချင်းများ မဆိုထားဘိ၊ သူ၏ မွေးချင်းများပင်လျှင် သိခွင့်မကြုံခဲ့ချေ၊ ကိုအောင်ဆန်းသည် ထိုအချိန်က ခလေးသူငယ်လူမမယ် အရွယ်မှ လွန်မြောက်ပြီဖြစ်ရကား၊ ကိုယ်စီကိုယ်ငှ တာဝန်အသီးသီး ဆောင်ရွက်နေကြသော သူ၏မွေးချင်းမိဘများသည်လည်း သူပြုလုပ်သော ကိစ္စများဟူသမျှကို မသိနိုင်သည်မှာ အဆန်းမဟုတ်ပါ ဓမ္မတာပင် ဖြစ်ပါသည်။ ကိုအောင်ဆန်း ကလည်း သူ၏ စွန့်စားမှု ကိစ္စအဝဝကို သူ၏ ဆွေးမျိုးညာတကာ များအား မည်သည့်အခါမျှ ပြောလေ့ပြောထ မရှိခဲ့ပါ။ သူပြုလုပ်ဆောင်ရွက်နေစဉ်တွင် ကြုံတောင့်ကြုံခဲ တစေ့တစောင်းမှ မျက်ဝါးထင်ထင် တွေ့မြင်ကြည့်ရှုခွင့် ရ၍သာလျှင် သူ၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အမှန်အတိုင်း သိခွင့် ကြုံခဲ့ရ ရပေသည်။
ပွဲကြီး - ပွဲကောင်း
ဤစာရေးသူကိုယ်တိုင် တွေ့မြင်မှတ်မိလိုက်သော အဖြစ်အပျက်တခုသည်ကား အလွန်ထူးခြားသည့် ကိုအောင်ဆန်း၏ အံ့မခန်းဇွဲသတ္တိ ပြလိုက်သော ပွဲကြီးပွဲကောင်းတခုဟု ဆိုရပေမည်။ အချိန်ကား ၁၉၃၂ ခုနှစ် ကိုအောင်ဆန်း ကောလိပ်ကျောင်းသား ဖရက်ရှာဘဝ ဖြစ်ပါသည်။ အောက်တိုဘာလ ကျောင်းပိတ်ရက်အတွင်း နတ်မောက်တွင် ရောက်ရှိနေသော ကိုအောင်ဆန်းသည် သူဝတ်ဆင်ထားသော ချည်လုံချီကို ခါးတောင်းမြှောက်အောင် ကျိုက်ပြီးနောက် သူ့အိမ်ဝိုင်းအတွင်းမှ အရှေ့ဖက် နယ်နိမိတ်ဖြစ်သော ဝင်းထရံတွင် ကန့်လန့်တန်း၍ ထားသော ဝါးလုံးတန်း တတန်းကို လွတ်အောင် အခုံလေ့ကျင့်နေသည်ကို တွေ့ရပါသည်။ ဤနေရာတွင် ဝါးလုံးတန်း၏ တည်နေဟန်ကို အမြွတ်မျှ ဖော်ပြရန်လိုပါလိမ့်မည်။ ကိုအောင်ဆန်းတို့ အိမ်ဝိုင်းကြီး အတွင်းနေအိမ်၏ အရှေ့ဖက်တွင် ဆီလှောင်သော ရာဝင် စဥ့်အိုးကြီးများ ထားရှိရာ၊ အုပ်ဂိုဒေါင်နှင့် မြေပဲများ - နှမ်းအိပ်များ သိုလှောင်ရာ၊ သစ်သားဂိုဒေါင်တလုံး ပေါင်း ဂိုဒေါင်နှစ်လုံး ရှိရာ၊ အုပ်ဂိုဒေါင်သည် သစ်သား ဂိုဒေါင်၏ မြောက်ဖက်တွင် တည်ရှိပါသည်။
ယင်း….ဂိုဒေါင်နှစ်လုံး အကြားတွင် လော်ရီကားကြီး တစီးဝင်နိုင်လောက်သော မြေကွက်လပ် (မြေလွတ်) ရှိပါသည်။ အိမ်ဝင်းကြီး၏ အရှေ့ဖက်နယ်နမိတ်ဖြစ်သော ခြံစီးရိုးသည် ယင်းဂိုဒေါင်နှစ်လုံး၏ အရှေ့ဖက်မှ ကပ်လျှက် တောင်မြောက်သွယ်တန်းလျက် ရှိနေပါသည်။ ထိုခြံစီးရိုးကို ဝါးလုံးများ လေးစိပ် စိပ်ကာ၊ ခွဲစိတ်ပြီးထားသော ဝါးခြမ်းများဖြင့် ရက်လုပ်ထားပါသည်၊ ထိုသို့ ရက်လုပ်ရာတွင် သစ်သားတိုင်များ စိုက်ထူကာ ဝါးလုံးများကို သစ်သားတိုင်များတွင် ကန့်လန့်စွပ်ထားပြီးမှ ဝါးခြမ်းစိပ်များဖြင့် အခန်းလိုက် အခန်းလိုက် ရက်လုပ်ထားခြင်းဖြစ်ပါသည်။ ထိုခြံစီးရိုးကို မြေလတ်ဒေသတွင် ဝင်းထရံဟု ခေါ်လေ့ရှိပါသည်။
အမြင့်ခုန်ကျင့်
အထက်ပါ ဂိုဒေါင်နှစ်လုံး၏ ကြားတည့်တည့်လောက်၌ ဝင်းထရံ အခန်းတခန်းတွင် ဝါးခြမ်းမျ

ဝါးလုံးတန်း အချို့တို့မှာ ကျောင်းသားသူငယ်များ ဘောလုံးကစားရင်း ကျော်တတ်ပြီး၊ ဖယ်ရှားဖန်များသဖြင့် ဝါးခြမ်းများ ကျွတ်လွတ် နေပြီး၊ ဝါးလုံးတတန်းသာလျှင် ကျန်နေပါသည်။ ထိုဝါးလုံးတန်း၏ အမြင့်သည်လည်း ရင်ဆို့လောက် ရှိမည် ထင်ပါသည်။ ကိုအောင်ဆန်းကား ထိုသို့ကျန်ရှိနေသော ဝါးလုံးတန်းကို အမြင့်ခုန် လေ့ကျင့်နေခြင်း ဖြစ်ပါတော့သည်။ ကိုအောင်ဆန်းသည် ပထမတချီပြေး၍ ခုန်လိုက်ရာ၊ ဝါးလုံးတန်းနှင့် နောက်ခြေထောက် ထိသွားပါသည်။ မလွတ်၊ ဒုတိယအချီတွင် ပို၍ဝေးသောနေရာမှ အရှိန်ယူပြေးလာပြီး ခုန်ပြန်သည်။ ဤတကြိမ်လည်း မရသေး၊ တတိယအချီ ကြိုးစားရန်အတွက် ခါးတောင်းကျိုက်ကို ပြင်၍ ကျိုတ်ကာ အထူး ချိန်ဆ၍ ခုန်လိုက်ပြန်သည်။
အရှုံးမပေး
ထိုအချီတွင် အမြင့်ခုန်ချံပီယံမဖြစ်သေးသော ကိုအောင်ဆန်း၏ ရှေ့ခြေမှ ဒူးခေါင်းသည် ဝါးလုံးတန်းနှင့် တိုက်မိကာ ရှေ့သို့ ဒူးထောက်ရက်သား လဲကျသွားပြီး၊ ဒူးပွန်းပဲ့ကာ သွေးများယိုကျလာပါသည်။ သို့ဖြစ်ရာ၊ အနိုင်မခံ အရှုံးမပေးလိုသော ကိုအောင်ဆန်းသည် သူ့အား ကြံ့ကြံ့ခံ၍ ခံတပ်သဖွယ် တားဆီးထားသော အနှီဝါးလုံးတန်းကို လက်သီးဖြင့် လေးငါးချက်မျှ ဆင့်ကာ ဆင့်ကာ ထိုးပါလေတော့သည်။

သို့သော်လည်း ခံတပ်ကား မပေါက်မကျိုး၊ အင်အားတောင့်တင်းလှပါဘိကောင်း၊ ကိုအောင်ဆန်းကား အရှုံးမပေး ဇွဲလည်းမလျော့၊ သွေးထွက်နေသော ဒါဏ်ရာကို ရေဖြင့်ဆေးပြီး၊ နဖူးမှ ခြေမအထိ တဒီးဒီးကျနေသော ချွေးများကို အင်္ကျီချွတ်၍သုတ်ပါလေ၏။ ထို့နောက် အနည်းငယ်မျှ အနားယူပြီး၊ ခုန်နည်းစနစ်တမျိုးပြောင်းကာ ခုန်ပါလေတော့သည်။ ဤစတုတ္ထအချီခုန်သော အခါတွင်မူကား ကိုအောင်ဆန်း အောင်ပန်းဆင်မြန်းလိုက်ပါပြီ။ ဤတချီ ခုန်သည့်နည်းမှာ အဝေးမှ အရှိန်ယူ၍ ပြေးလာပြီးနောက် ဝါးလုံးတန်းနှင့် အကွာအဝေး အနေတော်လောက် ရောက်လျှင် အနည်းငယ် အရှိန်သတ်ပြီး သူ၏ကိုယ်ကို လေထဲသို့ အစွန်းပင့်တင့်ကာ တကိုယ်လုံး လွတ်အောင် ကျိုးစား၍ ကျော်လွှားလိုက်သည့် နည်းပင်ဖြစ်ပါသည်။

မင်ယောင်မိခဲ့
နောင်အခါ ရဲဘော်သုံးကျိတ်ဝင် ပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားနေစဉ် လှံစွပ်တိုက်ပွဲ လေ့ကျင့်ခန်းကို လေ့ကျင့်ရာ တပ်စုခေါင်းဆောင်အဖြစ် လေ့ကျင့်နေဆဲ အမောဆို့လုမတတ် မောပန်းနွမ်းခွေ သွားသော်လည်း မလျှော့သော ဇွဲသတ္တိကြောင့် ထိုတိုက်ပွဲလေ့ကျင့်ခန်းမှာ ကောင်းစွာ အောင်မြင် ထမြောက်သွားခဲ့သည်ဟူသော သတင်းကို ဤစာရေးသူ ကြားရသော အခါ၊ ကျောင်းသားဘဝက ဒူးအပြဲခံပြီး ဝါးလုံးတန်းကို မလွတ်မချင်းခုန်လာခဲ့သော ကိုအောင်ဆန်း၏ ဇွဲသတ္တိကို ထင်းကနဲ မြင်ယောင်မိပါတော့သည်။
ထို့အပြင် ကိုအောင်ဆန်း သခင်ဘဝရောက်ပြီးမှ ထူးခြားသော အဖြစ်တခုကို တွေ့ခဲ့ရပါသေးသည်

ထိုအဖြစ်အပျက်မှာ ကိုအောင်ဆန်း ဒို့ဗမာ အစည်းအရုံး ဝင်ပြီးနောက် သခင်အောင်ဆန်းအမည်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒို့ဗမာ အစည်းအရုံးကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ဆောင်ရွတ်နေစဉ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသား အဖွဲ့အစည်းများ၊ အတွင်းဝင်များရုံးကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြရန် တက္ကသိုလ် သမဂ္ဂခေါင်းဆောင်များအပါအဝင် ကျောင်းသားခေါင်းဆောင်များ… နှင့် စီစဉ် ပြုလုပ်ခဲ့ပြီးနောက် သခင်အောင်ဆန်းသည် မိခင်ကြီးရှိရာ နတ်မောက်မြို့သို့ ခတ္တခဏ အနားယူရန် ပြန်ရောက်လာသော အချိန်က ဖြစ်၏။

အေးမြသော ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလ တတိယပတ် အတွင်း သာယာလှသော နေ့တနေ့၌ နံနက်ခင်း ရှစ်နာရီခန့်တွင် ဘုံဘိုင်ရေခြေညှပ်ဖိနပ်၊ ပလေကပ်လုံချည် အကွက်ကြဲကြဲ၊ ကော်လာမပါသော တပတ်နွမ်း ရှပ်လက်ရှည်အဖြူနှင့် အညာဖျင်အဖြူ ခပ်ပွပွ ရှည်ရှည်ကို ဝတ်ဆင်ပြီးထားပါသည်။
ချည်ထည်မာဖလာ လည်စီးပုဝါကို တပတ်ရစ်လျက် အမြိတ်စနှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တွဲလဲချကာ ဆင်မြန်းထားပြီး၊ ကတုံးဆံတောက် (ခေါ်) ကတုံး ဘိုကေ ညှပ်ထားသော သခင်အောင်ဆန်းသည် သူ၏ဦးလေးကြီး ဦးဖိုးသင့်၏ တဦးတည်းသော သမီး မကံဆယ်၊ ဦးလေးငယ်၊ ဦးလေးညိုတုတ် (ဦးငွေဆိုင်း)၏ သမီးများဖြစ်သော မမောက်နှင့် မထွေး အသက်အရွယ်အားဖြင့် ခြောက်နှစ်ကျော်ကျော်၊ ခုနစ်နှင့်ခန့်မျှ ရှိကြသေးသော ညီအစ်မသုံးယောက်အား ”ညီမတို့ ကိုလေးဆန်း ပြောစရာရှိတယ်၊ ခဏလာကြအုံး” ဟု လှမ်း၍ခေါ်သည်ကို ကြားလိုက်ရပါသည်။

ထို့နောက် နေအိမ်ကြီးနှင့် ဆီဂိုဒေါင်အကြားရှိ မြေကွက်လပ်တွင် ညီအစ်မ သုံးဖော်အား တန်းစီစေပြီး၊ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးတရားကို လက်သီးလက်မောင်းတန်းကာ ဟောပါလေတော့သည်။
တဝါးဝါးနှင့်
အနည်းငယ် ဟောမိလျင်ပင် ကလေးသုံးယောင်သည် တဝါးဝါးနှင့် အူလိုက်အသည်းလိုက် ရီလေသော်ဟူ၏။ သူ့တရားပွဲ ပြီးဆုံးသွားသော အခါ ”သခင်မျိုးဟေ့၊ ဒို့ဗမာ” ”အရေးတော်ပုံအောင်ပါစေ” ဟူသော ကြွေးကြော်သံ နှစ်ရပ်ကို သူက သုံးကြိမ်တိတိ တိုင်ပေးပြီး၊ ကလေးသုံးယောက်အား လိုက်၍ အော်ဟစ် ကြွေးကြော်စေပါသည်။ ထိုသို့ကြွေးကြော်ပြီးသည့်ခဏ၌ ”ညီမလေးက လိမ္မာတယ်ဟေ့၊ ကိုလေးဆန်း မုန့်ဝယ်ကျွေးမယ်” ဟု ပြောပြောဆိုဆို တဟားဟား ကျယ်လောင်စွာ ရီမောကာ ညီမကလေး သုံးယောက်အား မုံ့ဝယ်ကျွေးပါတော့သည်။ ဤတရားပွဲကို မလှမ်းမကမ်းမှ မြင့်တွေ့နေရသော သူ့ဦးလေးတဦးက ”အောင်ဆန်းတယောက်တော့ တံတားကလေးဆေးရုံကို ပို့နေရဦးမလား မသိဖူး” ဟူ၍ ခပ်တိုးတိုး မှတ်ချက်ချသည်ကို ဤစာရေးသူပင် ကြားလိုက်ရပါသည်။ သို့သော်လည်း ယင်းသို့သောလုပ်ရပ်ကို သေခြာစွာ ဆန်းစစ်ကြည့်သည်ရှိသော် သခင်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုး အဖြစ်ဖြင့် နောင်သောအခါတွင် အပွဲပွဲနွဲရန် ရှိနေသည့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး တရားပွဲများ၊ အင်္ဂလိပ်အစိုးရ အာဏာဖီဆန်ရေး တရားပွဲများအတွက် အလေ့အကျင့်ရရန် ကြိုတင် ပြင်ဆင်ကာ နယ်ချဲ့အစိုးရတိုက်ထုတ်ရေးအတွက် မောင်းတင်လိုက်ခြင်းဖြစ်သည်ဟု ဆိုက ဆိုနိုင်ပေသည်။

ကြေးနန်းရစဉ်
ထိုနေ့ညနေပိုင်းတွင်းပင် ရန်ကုန်မြို့အတွင်းဝန်များရုံးသို့ ဝိုင်းဝန်းဆန္ဒပြကြသော ကျောင်းသူ ကျောင်းသား များအား ပုလိပ်များက မြင်းနှင့်တိုက် ဒုတ်နှင့် ရိုက်သဖြင့် သွေးထွက်သံယို ဖြစ်ကြသောကြောင့် ရှေ့ခြေတဆင့် တိုး၍ ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်သို့ အမြန်ပြန်လာပါရန် ဒို့ဗမာ အစည်းအရုံး ဋ္ဌာနချုပ်မှ ပေးပို့သော ကြေးနန်းစာကို သခင်အောင်ဆန်း ရရှိသဖြင့် ကြေးနန်းလက်ခံရလျှင်ရခြင်း၊ နတ်မောက်မြို့ အထက်တန်းကျောင်းမှ ကျောင်းသားသမဂ္ဂအမှုဆောင်များကို သာသနာ့ဟိတ စာကြည့်တိုက်တွင် ချက်ချင်း အစည်းအဝေးခေါ်ကာ ရန်ကုန်မှ အဖြစ်အပျက်များကို ရှင်းပြပြီး၊ ရှေ့ဖို့တွင် ရန်ကုန်ရှိ ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ၊က၊သ) မှ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြရန် ညွှန်ပြ ပြောဆိုပြီးလျှင် နောက်တနေ့နံနက်စောစော မီးရထားဖြင့် နတ်မောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားပါတော့သည်။ ဤကား သခင်အောင်ဆန်းအဖြစ်ဖြင့် နတ်မောက်မြို့သို့ နောက်ဆုံးလာခဲ့ခြင်း ဖြစ်ပေသတည်း။

မှတ်ချက်။  ။ ဤဆောင်းပါးရှင် စည်သူကျော်ထင် မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ညီအကို တစ်ဝမ်းကွဲတော်သူ ဖြစ်ပါသည်။ (အယ်ဒီတာ)
အိုးဝေဂျာနယ် အမှတ် (၈၀) စာမျက်နှာ ၁၇၊ ၁၈
၁၃၃၃ ခုနှစ် နတ်တော်လဆန်း ၁၄ ရက် ၁ ရက် ၁၂ လ ၁၉၇၁
Credited to ဟေသီမိုး

 
Top